International News

ကော်လ်ကတ္တားဆိပ်ကမ်းမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းထိပ်သီးညီလာခံ(Global Maritime India Summit, 2023)အကြိုအခမ်းအနား(Road Show) သို့ စီးပွားရေးသံမှူးတက်ရောက်

Last Updated:

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့(တနင်္လာနေ့) နံနက်(၁၁:၄၅) နာရီမှ (၁၄:၄၅) နာရီအထိ J. W. Marriott Hotel ၌ ကော်လ်ကတ္တားဆိပ်ကမ်း(Syama Prasad Mookerjee Port, Kolkata) မှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းထိပ်သီးညီလာခံ(Global Maritime India Summit, 2023) အကြိုအခမ်းအနား(Road Show)သို့ စီးပွားရေးသံမှူး တက်ရောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော် Bharat Mandapam ၌ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ အိန္ဒိယနိုင်ငံ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းထိပ်သီးညီလာခံ(Global Maritime India Summit, 2023) အကြိုအသိပညာပေးရန်နှင့် ပင်လယ်ရေကြောင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်းတင်ပြရန်ရည်ရွယ်၍ အဆိုပါအခမ်းအနား (Road Show)ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့် ရေလမ်းဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal ၊ တွဲဖက်အတွင်းဝန် Shri Bhushan Kumar ၊ Syama Prasad Mookerjee Port, Kolkata ၏ ဥက္ကဌ Shri Rathendra Raman ၊ ဟာဒီယားသင်္ဘောကျင်း (HDC ) ၏ ဒုတိယဥက္ကဌ Shri A.K. Mehera၊ Syama Prasad Mookerjee Port, Kolkata ၏ ဒုတိယဥက္ကဌ Shri Samrat Rahi တို့အပါအဝင် အစိုးရတာဝန်ရှိသူများ၊ သံတမန်များ၊ ပင်လယ်ရေကြောင်းကဏ္ဍမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်အသင်းချုပ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အိန္ဒိယနိုင်ငံ ဆိပ်ကမ်း၊ သင်္ဘောနှင့်ရေလမ်းဝန်ကြီးဌာန ဝန်ကြီး Sarbananda Sonowal က ပြောကြားရာတွင် အဆိုပါထိပ်သီးညီလာခံကို “ချိတ်ဆက်၊ ပူးပေါင်း၊ ဖန်တီး(Connect, Collaborate & Create)"ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းကဏ္ဍသည် အိန္ဒိယစီးပွားရေးအဆောက်အအုံ၏ အသက်သွေးကြောတစ်ခုဖြစ်ပြီး EXIM ကုန်စည်စုစုပေါင်းပမာဏ၏ ၉၀ ရာခိုင်နှုန်းကျော်၊ တန်ဖိုးအားဖြင့် ၇၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍသည် အိန္ဒိယနိုင်ငံ၏ ပင်လယ်ရေကြောင်းကဏ္ဍကို ရှေ့သို့တိုးတက်အောင် ဆောင်ရွက်ပေးသော အဓိကလုပ်ဖေါ်ကိုင်ဖက်ပင်ဖြစ်ပါကြောင်း၊ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု(PPP)ကြောင့် ဆိပ်ကမ်းသစ်များဖေါ်ဆောင်ခြင်းနှင့် လက်ရှိဆိပ်ကမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့၌ များစွာအထောက်အကူဖြစ်စေပါကြောင်း၊ အနောက်ဘင်္ဂလားပြည်နယ်သည် ရေကြောင်းသွားလာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီး ၁ ထရီလီယံအထိ စီးဝင်လာမည့်အနေအထားတွင်ရှိပြီး၊ မဝေးကွာတော့သည့် အနာဂတ်ကာလတွင် ပြည်နယ်ကို ပင်လယ်ရေကြောင်းသွားလာရေးအချက်အခြာနေရာတစ်ခု ဖြစ်လာ စေမည်ဖြစ်ကြောင်း၊ မကြာမီကျင်းပပြုလုပ်သွားမည့် GMIS ညီလာခံသို့ ပါဝင်တက်ရောက်ပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် တွဲဖက်အတွင်းဝန် Sagarmala ၊ Syama Prasad Mookerjee Port, SMPK ၏ ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ Garden Reach Shipbuilders & Engineers (GRSE) Ltd ၏ ဥက္ကဌနှင့် ဦးဆောင်ညွှန်ကြားရေးမှူး Commodore P.R. Hari ၊ Century Ports Limited ၏ ဒါရိုက်တာ Shri Ashutosh Jaiswal နှင့် Adani Ports and SEZ Ltd ၏ အမှုဆောင်အရာရှိချုပ် Shri Subrat Tripathi တို့ကလည်း အမှာစကားများ အသီးသီးပြောကြားခဲ့ကာ ဆက်လက်၍ တက်ရောက် လာသော သတင်းမီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲကို သီးခြားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                       

         

Category: International News